ပါတီစည်းကမ်း မလိုက်နာမှုများကို စစ်ဆေးရန် ရခိုင်အမျိုးသားပါတီက စုံစမ်းရေးကော်မရှင်ဖွဲ့

ရခိုင်အမျိုးသားပါတီအတွင်း ချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိဘဲ သတင်းစာရှင်းလင်းပွဲနှင့် ကြေညာချက် ထုတ်ပြန်ခြင်း ပြုလုပ်ခဲ့သော ပါတီဗဟိုအလုပ်အမှုဆောင် ခြောက်ဦးကို စစ်ဆေးရန်အတွက် ပါတီအတွင်း စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းကြောင်း ယင်းပါတီ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကြေညာချက် ထုတ်ပြန်သည်။

မတ်လ ၇ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီရုံးချုပ်တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး ယင်းသို့ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် မရပါက မည်သည့်အစိုးရအဖွဲ့တွင် မဆို ပါဝင်မည် မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်ကို လက်မခံကြောင်း မတ်လ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ယင်းပါတီဝင် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်း) များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းအပေါ် စစ်ဆေးရန် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းထားပြီး သတင်းစာရှင်းလင်းပွဲနှင့် ကြေညာချက် ထုတ်ပြန်ခဲ့သော ပါတီဗဟိုအလုပ်အမှုဆောင် ခြောက်ဦးကို ပါတီရုံးချုပ်တွင် စစ်ဆေးမည် ဖြစ်ကြောင်းနှင့် ကော်မရှင်၏ တွေ့ရှိချက်ကို မတ်လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့ ပြန်လည်တင်ပြရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ရခိုင်အမျိုးသားပါတီ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် စစ်ဆေးခံရမည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးမျိုးကျော်က “ကျွန်တော်တို့ဆီကို စာပေးပို့လာတာ မရှိသေးဘူး။ အဲဒီအတွက် ဘာဆက်လုပ်မယ် ပြောလို့ မရသေးဘူး။ ကျွန်တော်တို့ တိုင်ပင်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။

မတ်လ ၆ ရက်နေ့က ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အချို့ (မူလ ဦးအေးသာအောင် ဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်းများ) က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် ရခိုင်အမျိုးသားပါတီ၏ (၁/၂၀၁၆) ကြေညာချက်နှင့် (၂/၂၀၁၆) ကြေညာချက်များသည် ပါတီအတွင်းရှိ ဗဟိုအလုပ်အမှုဆောင်အချို့ (မူလ ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်ဟောင်းများ) ၏ တစ်ဘက်သတ် ဆုံးဖြတ်ချက်များ ဖြစ်သောကြောင့် လက်မခံကြောင်း ဖော်ပြထားသည်။

ရခိုင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်အတွင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ကို ပေါင်းစည်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

News source- The Voice news-pts_ypzn