ပါတီ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ သုံးပွင့်ဆိုင် မကြာခဏ တွေ့ဆုံကြရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် မှာကြားခဲ့

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် NLD ပါတီအဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ပါတီ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ မကြာခဏတွေ့ ဆုံကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံပွဲကို တောင်ကြီးမြို့ Royal Taunggyi Hotel တွင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရှမ်းပြည်နယ်တွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် (ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး) များ၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး တက်ရောက်ခဲ့ကြပြီး ပါတီတွင်း မိသားစုတွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့တွေဟာ ပါတီဝင်တွေနဲ့ ဒီသုံးပွင့်ဆိုင် အမြဲတမ်းထိတွေ့နေရမယ်။ ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာ မေးလေ့ရှိတယ်။ တစ်လ ဘယ်နှစ်ခါတွေ့လဲ။ ပါတီမှာ ပြည်နယ်နဲ့ တိုင်းမှာ ခေါင်းဆောင်နေတာ။ ၀န်ကြီးချုပ်က တိုင်းမှာရှိတဲ့ အစိုးရလုပ်ငန်းတွေ ဦးဆောင်သူ။ အကုန်လုံးဟာ သိနေရမယ်။ ၀န်ကြီးချုပ်လုပ်တာ ပါတီသိရမယ်။ ပါတီလုပ်တာ ၀န်ကြီးချုပ်သိရမယ်။ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ လည်း ထိတွေ့နေရမယ်။ မပြတ်ထိတွေ့ပြီး တိုင်ပင်နှီးနှောနေရမယ်။ ဒီလိုမဟုတ်ဘဲနဲ့ နှီးနှောမှုလည်း မရှိဘူးဆိုရင်တော့ အဲဒီတိုင်းပြည်နယ်က အစိုးရအဖွဲ့ဟာ အခြေအနေမကောင်းနိုင်ဘူးလို့ သုံးသပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သွားနေတဲ့လမ်းကြောင်းဟာ အခု ငါးနှစ်နဲ့ မပြီးဘူး။ ခုပေါက်နေတဲ့ အညွန့်လေး၊ ဒီမိုကရေစီအပင်လေးဟာ နုနယ်နေသေးတယ်။ ချက်ချင်းသေသွားနိုင်တယ်။ ဒါပေမဲ့ ၁၀ နှစ်လောက်ဆိုရင်တော့ အဲဒီအပင်ဟာ ရှင်သန်ခွင့် တဖြည်းဖြည်းနဲ့ ကြီးထွားလာလိမ့် မယ်။ ဒီမိုကရေစီအပင်လေးဟာ ခိုင်ခိုင်မာမာ နဲ့ အမြစ်တွယ်နိုင်ပြီဆိုရင် ဒီချုပ်ကြိုးပမ်းမှုဟာ ချီးကျူးရမယ်” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ ၀င် ဦးဝင်းထိန်က အဖွင့်အမှာစကားပြောကြားသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီး၏ ဆောင်ရွက်ချက်များ အောင်မြင်မှုရှိ မရှိကို စောင့်ကြည့်လေ့လာနေပြီး စောင့်ကြည့်ခြင်းသည် အပြစ်ရှာခြင်း မဟုတ်ကြောင်း၊ ထောက်ပြခြင်း၊ တိုက်တွန်းခြင်း ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသင့်သည်များကို တင်ပြကြောင်း ပြောသည်။ အစိုးရအဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဆန်းစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အဆိုပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး ၀န်ကြီးဌာနမှ ပုဂ္ဂိုလ်တစ်ဦးနှင့် ၀န်ကြီးချုပ်တစ်ဦးအား အရေးယူခဲ့ရကြောင်း၊ အပြုသဘောနှင့် ကြိုးစားရာ မအောင်မြင်ခဲ့သဖြင့် ထိုသို့ အရေးယူရခြင်းဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

ပါတီရေးကိစ္စများနှင့် ပတ်သက်၍ ပြောသင့် ပြောထိုက်သည်များကို ပြောမည်ဖြစ်သလို ဒေသအသီးသီးမှ မေးမြန်းစရာများ မေးခွန်းများကို ပွင့်ပွင့်လင်းလင်း နားထောင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲနေရာ အများဆုံးဖြစ်ကြောင်း၊ မိုင်းရှူး၊ ကျေးသီး၊ ညောင်ရွှေနှင့် ကျိုင်းတုံ လေးမြို့နယ်သည် ဗဟိုမှာလည်း တာဝန်ရှိသလို ပြည်နယ်တွင်လည်း အထိုက်အလျောက် တာဝန်ရှိကြောင်း၊ ပြည်နယ်အလုပ်အမှုဆောင်များ၊ ပါတီဝင်များ စုစုစည်းစည်း တွေ့ဆုံရန် ခဲယဉ်းကြောင်း၊ ပထမဆုံးအကြိမ် အဖွဲ့ဝင်များ တွေ့ဆုံပွဲပင်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် NLD ပါတီအဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် တောင်ကြီးမြို့နယ် NLD ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ တွေ့ခွင့်မရခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ ခွန်သန်းလွင် နှင့် အတွင်းရေးမှူး ကိုဇော်ဝင်းထူးတို့သည် ဦးဝင်းထိန်နှင့် တွေ့ဆုံခွင့်ရရှိရန် စောင့်ဆိုင်းခဲ့ပြီး ပါတီတွင်း ဖြစ်ပွားနေသော ပြဿနာရပ် များကို တိုင်ကြားရန် စီစဉ်ထားကြောင်း၊ ယခုလက်ရှိ ရာထူးမှ ထုတ်ပယ်ခြင်း အပါအ၀င် ဦးဝင်းထိန်နှင့် တွေ့ဆုံပွဲတွင် တက်ရောက်ခွင့် မရခဲ့ခြင်းများကို အထက်သို့ စာတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။