လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအား ၀န်းရံသွားမည်ဟု Mon Youth Forum (MYF) ကြေညာချက်ထုတ်ပြန်

ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအား ၀န်းရံသွားမည်ဟု Mon Youth Forum (MYF)က မတ် ၁၁ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘီလူးကျွန်း (ချောင်းဆုံ) မှာ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ရမှာပေါ့။ အဲဒီမှာ မွန်ထဲမှာက ပါတီက နှစ်ပါတီဖြစ်နေတယ်။ လောလောဆယ် ၀င်အရွေးခံမယ့်ပုဂ္ဂိုလ်တွေက ဒေသခံ ဘီလူးကျွန်းသား ကိုယ်စားလှယ်လောင်း တစ်ယောက်ရယ်၊ ဘီလူးကျွန်းသား မဟုတ်တဲ့ ရပ်ဝေးက ကိုယ်စားလှယ်လောင်း တစ်ယောက်ရယ် ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က ဘီလူးကျွန်းသားကိုပဲ ပိုပြီး ဦးစားပေး၊ အားပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဘီလူးကျွန်းနဲ့ ပတ်သက်ပြီး အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်နိုင်တယ်။ ပြဿနာတွေကိုရော သူက ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့က ယူဆတယ်ပေါ့ဗျာ။ နောက်ပြီး ဘီလူးကျွန်းအတွက် သူက လုပ်ဆောင်ပေးနိုင်မယ်လို့ ယူဆတယ်ပေါ့ဗျာ။ ဒါ့ကြောင့် ကျွန်တော်တို့  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက နိုင်ဝင်းထွဋ်ဆိုတဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ ကျွန်တော်တို့ က ကြေညာချက်တွေ ထုတ်ပြန်လိုက်တာပါ။ ကြေညာချက်ထဲမှာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီက ကိုယ်စားလှယ်လောင်းကို မဲပေးကြဖို့ လှုံ့ဆော်ထားတာ ရှိတယ်။ နောက်ပြီး ပါတီအစွဲနဲ့ မဟုတ်ဘဲနဲ့ ဒေသခံကိုယ်စားလှယ်က ဒီဘီလူးကျွန်းအပေါ် အကျိုးပြုနိုင်မယ်လို့ ယူဆတယ်ဆိုတဲ့ အကြောင်းအရာတွေ ရေးထားပါတယ်”ဟု Mon Youth Forum (MYF) မှ မင်းဇာနည်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ နိုင်ဝင်းထွဋ်ကို ၀န်းရံအားပေးနေတယ်ဆိုတော့ တခြားပါတီက  တစ်ဖက်ပါတီကရော ဒီလူငယ်တွေက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ လက်အောက် ဖြစ်သွားပြီလို့ တချို့က အဲဒီလိုမျိုးပြောလာကြတာ ရှိတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့အနေနဲ့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ပါတီကိုလည်း မစွဲလမ်းဘူး။ ဒါပေမဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကိုယ်စားလှယ်လောင်းက ဘီလူးကျွန်းဒေသခံဖြစ်တဲ့အတွက် တခြားရပ်ဝေးက ကိုယ်စားလှယ်လောင်းနဲ့ နှိုင်းယှဉ်ရင် သူက ဒေသအတွက် ပိုပြီးတော့ အလုပ်အကျွေးပြုနိုင်တယ်လို့ ယုံကြည်လို့ပါ”ဟု ပြောကြားသည်။

ဧပြီ ၁ ရက်တွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အဖြစ် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်ကြည်သိန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးတင့်ဝေ၊ မွန်အမျိုးသားပါတီမှ နိုင်စိန်မြမောင် (ခ) နိုင်မြမောင်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးဝင်းထွဋ် (ခ) ဦးမြ၀င်းနှင့် NLD ပါတီ ဦးအေးဝင်းတို့ ၀င်ရောက် အရွေးချယ်ခံကြမည်ဖြစ်ကြောင်း သိရသည်။

Resource – Eleven Media