နိုင်ငံတော်အတိုင်ပင်ခံက လွှတ်တော်ကိစ္စများကို ဝင်ရောက်စွက်ဖက်မှုမရှိဟုဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော် ဆိုင်ရာကိစ္စများကို ဝင်ရောက် စွက်ဖက်မှု၊ လွှမ်းမိုးမှုမရှိကြောင်း ၊ ဥပမာအားဖြင့် လွှတ်တော်တွင်းသို့ အလုပ်ကိစ္စရှိ၍ လာရောက်ရမည် ဆိုပါကလည်း လွှတ်တော် ဥက္ကဌထံ ခွင့်တောင်းကြောင်း၊ ခွင့်ပြုမှသာ လာရောက်ပြီး ခွင့်ပြုချက်မရှိပါက မလာရောက်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ယနေ့ကျင်းပသော သတင်းမီဒီယာများနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားလိုက်သည်။

ထို့ပြင် လွှတ်တော်ဥက္ကဌ အနေဖြင့် အစိုးရအဖွဲ့ ကို ကာကွယ်ပေးခြင်းမရှိဘဲ လွှတ်တော်တွင် မေးမြန်းသော မေးခွန်းများ ၊ အဆိုများ ကို ကြည့်ခြင်းအားဖြင့် အစိုးရအား စောင့်ကြည့် ထိန်းညှိမှုပြုလုပ်နေသည်ကို သိရှိနိုင်သည်ဟု ဦးဝင်းမြင့်ကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း လက်ရှိလွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်မည်ဖြစ်သော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးရရှိပြီးချိန်တွင် ဆောင်ရွက်မှသာ ထိရောက်နိုင်မည်ဟု ၄င်းကပြောသည်။

ယနေ့(ဇွန် ၁၀ ရက်)တွင် ကျင်းပသော ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် မီဒီယာများ၏ တွေ့ဆုံပွဲသည် လွှတ်တော်ဒုတိယသက်တမ်းအတွင်း ပထမဆုံးကျင်းပသည့် မီဒိယာတွေ့ဆုံပွဲ ဖြစ်သည်။

Source- 7 Days Dailyparliament