ရှစ်ပြည်နယ်သာထားရှိမည့် မူဝါဒ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် SNLD တင်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအဖြစ် ဖွဲ့စည်းထားသော မြန်မာနိုင်ငံကို ပြည်နယ်ရှစ်ခုတည်းထားရှိမည့် စနစ်ပြောင်းလဲရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြခဲ့ကြောင်းယင်းပါတီထံမှ သိရသည်။

ပြည်ထောင်စုညီလာခံတွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကတင်သွင်းသည့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူများနှင့် ပတ်သက်ပြီးယင်းပါတီဗဟိုကော်မတီဝင် ဦးစိုင်းထွန်းအေးကယင်းသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ပင်လုံစာချုပ်အရရှမ်း၊ ကချင်၊ ချင်းအစရှိသည့် လူမျိုးအသီးသီးကိုကိုယ်စားပြု ခေါင်းဆောင်များနှင့် ဗမာခေါင်းဆောင်တို့သည် ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် တည်ထောင်ခဲ့ခြင်းကြောင့် ရှစ်ပြည်နယ်စနစ်သာကျင့်သုံးရန် တင်ပြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် ပင်လုံစာချုပ်ပါအတိုင်း ပြည်ထောင်စု မြန်မာနိုင်ငံကိုစစ်မှန်သည့် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရာတွင် အမျိုးသားပြည်နယ်များနှင့် ဖွဲ့စည်းရမည် ဖြစ်သောကြောင့် ဗမာတိုင်းရင်းသားများအတွက်လည်းဗမာပြည်နယ်အဖြစ် ဖွဲ့စည်းသွားရမည် ဖြစ်ကြောင်းဦးစိုင်းထွန်းအေးကပြောကြားသည်။

နိုင်ငံတော်ကိုလွတ်လပ်မှု၊ တန်းတူညီမျှမှုအပေါ် အခြေခံပြီးပင်လုံစိတ်ဓာတ်နှင့်အညီဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်တိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပေါ် အာမခံချက် အပြည့်အဝရှိသည့် ဒီမိုကရေစီဖက်ဒရယ်စနစ်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေတန်းတူအခွင့်အရေးရရှိရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းနေကြသည့် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကာကွယ်ပြဋ္ဌာန်းပေးရန် SNLD ပါတီက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြခဲ့ကြောင်းယင်းပါတီထံမှ သိရသည်။

“ဒါကတော့ UNA အဖွဲ့ကလည်းချမှတ်ထားတဲ့မူပါ။ ကျွန်တော်တို့ကလည်းပင်လုံမူကိုထောက်ခံတယ်၊ ပင်လုံသဘောတူညီမှုကိုလည်းအကောင်အထည် ဖော်ဆောင်ဖို့ သဘောတူညီတယ်၊ အထူးသဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ အမျိုးသားပြည်နယ်များနှင့် ဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ရမယ်” ဟုရခိုင်အမျိုးသားပါတီဗဟိုကော်မတီဝင် ဦးအေးသာအောင်ကThe Voice သို့ ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးရေးတန်းတူအခွင့်အရေးရရှိရေးအတွက်လည်းဖွဲ့စည်ပုံအခြေခံဥပဒေတွင် ခိုင်မာစွာ ပြဋ္ဌာန်းရန် လိုအပ်ကြောင်းဦးအေးသာအောင်ကပြောသည်။

“သူတို့ ကဏ္ဍအလိုက် ဆွေးနွေးနေတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ သွားပြောလို့ မရသေးပါဘူး” ဟုသမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးကThe Voice သို့ သဘောထားမှတ်ချက်ပေးသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ (IDPs)ကိစ္စ၊ အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေခံသင့်သည့် မူများနှင့် သဘာဝသယံဇာတဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးလျက်ရှိသည်။

အဆိုပါ ရှစ်ပြည်နယ်မူကိုရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များကပါလီမန် ဒီမိုကရေစီခေတ်ကတည်းကစတင်ဆွေးနွေးဖူးသည်။