ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မဲဆွယ်စည်းရုံးမှု မလုပ်နိုင်တော့သဖြင့် ကိုယ်စားလှယ်လောင်းများ၏ စစ်မှန်သော အရည်အချင်းများ ကြားဖြတ်ရွေးကောက်ပွဲတွင် ထွက်ပေါ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း NLD ရန်ကုန်တိုင်းဥက္ကဋ္ဌ ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မဲဆွယ်စည်းရုံးမှု မပြုလုပ်နိုင်တော့သည့်အတွက် ကိုယ်စားလှယ်လောင်းများ၏ စစ်မှန်သော အရည်အချင်းများ ထွက်ပေါ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း NLD ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

ဇန်န၀ါရီ ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့၊ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည့် ခရိုင်အလုပ်အမှုဆောင်များနှင့် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

NLD ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက “အခုကျွန်တော်တို့ ခေါင်းဆောင်က တိုင်းပြည် တာဝန်ကို တာဝန်ယူနေရတယ်။အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်စည်းရုံးမှု မလုပ်နိုင်ဘူး။ အဲဒီအတွက် ခင်ဗျားတို့ ကျွန်တော်တို့အတွက် စစ်မှန်တဲ့ အရည်အချင်းတွေ ဒီ ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲမှာ ပေါ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ အနိုင်ရရှိအောင်လည်း ကြိုးစားကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီအတွက် အမှုဆောင် အဖွဲ့ဝင်တွေအားလုံး တက်ညီလက်ညီနဲ့ ညီညီညွတ်ညွတ်နဲ့ ပြည်သူလူထုက ကျွန်တော်တို့ အဖွဲ့ချုပ်ကို မဲဆန္ဒပေးနိုင်အောင် ကျွန်တော်တို့ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြမယ်” ဟု တက်ရောက်လာသည့် အလုပ်အမှုဆောင်များနှင့် ကိုယ်စားလှယ်လောင်းများကို ပြောကြားသည်။

NLD ပါတီအနေဖြင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၉ နေရာ အနက် ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် နောက်ကျကျန်ခဲ့သည့် ကယားပြည်နယ်မှ လစ်လပ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေများ၌ လှိုင်သာယာမြို့နယ်တွင် ဦးဝင်းမင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် ဦးနေကျော်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)တွင် ဦးမြစိန်နှင့် ကော့မှူးမဲဆန္ဒနယ်တွင် ဦးကျော်ဆွေဝင်း(ခ) ဦးအာလူးတို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) (ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ လှိုင်)တွင် ဒေါက်တာ မောင်မောင်တို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်များမှာ မုံရွာမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ အမ်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကော့မှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်တို့ ပါဝင်ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်များမှာ ချင်းပြည် နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အ မှတ်(၃) ထန်တလန်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) ကျောက်တံခါး၊ ညောင်လေးပင်၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) (ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ)တို့ ဖြစ်သည်။

Writer:
ငြိမ်းဇော်လင်း၊ ချမ်းဝေစိုး
Source – Eleven Media