ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် NRPC ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် ငြိမ်းချမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ကော်မရှင်အကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်ကြည်အား တာဝန်ပေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် ငြိမ်းချမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ကော်မရှင်အကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်ကြည်အား တာဝန်ပေးအပ်ခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ က ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၅၁/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့သည့်  ငြိမ်းချမ်းရေး ကော်မရှင်ကို ခြောက်ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌမှာ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌမှာ ဦးသိန်းဇော်၊ အတွင်းရေးမှူးမှာ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)တို့ဖြစ် ပြီး အဖွဲ့ဝင်များမှာ  ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဦးနိုင်ငံလင်း (လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးတို့ ဖြစ်သည်။
ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ကို သုံးဦးဖြင့် ဖွဲ့စည်းခဲ့ရာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ဦးအောင်ကြည်သည် ယခင် အစိုးရလက်ထက်များတွင် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် အပြင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျစဉ်က အစိုးရမှ ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးစေခဲ့သူ ဖြစ်သည်။
ဦးအောင်ကြည်သည် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဦးလှမောင်ရွှေက “သူ့မှာ အကြံပေးအဖွဲ့ကတော့ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်ကြည်က အဖွဲ့ခေါင်းဆောင်၊ ကျွန်တော်နဲ့ ဒေါက်တာမင်းဇော်ဦးက အဖွဲ့ဝင်၊ ငြိမ်းချမ်းရေးကော်မရှင်ရဲ့တာဝန်က NRPC က ချမှတ်ထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့၊ နံပတ်နှစ်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့ရန် ဆောင်ရွက်ခြင်း၊ သုံးကတော့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင့်တော်သော အကြံပြုချက်များ ရှာဖွေဖော်ထုတ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ တင်ပြခြင်း၊ လေးကတော့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တစ်ဆက်တည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် NRPC ကိုယ်စား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ငါးကတော့ NRPC ရဲ့ ခွင့် ပြုချက်နဲ့ ငွေကြေးသုံးစွဲခြင်းတို့ပေါ့ အဓိက ကတော့ အဲဒါပဲ” ဟု ပြောကြားသည်။
ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်၏ လုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အကူပြုအဖွဲ့ကိုလည်း ခုနစ်ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဦးလှမောင်ရွှေ၏ ပြောပြချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၁၁ ဦး ပါဝင်သည့် NRPC ကို ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၅၀/၂၀၁၆ ဖြင့် ဇူလိုင် ၁၁ ရက် ကထုတ်ပြန်ခဲ့ရာ NRPC ၏ လုပ်ငန်းတာဝန်များတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် လိုအပ်သောမူဝါဒများ ချမှတ်ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော မူဝါဒများ ချမှတ်ပေးခြင်း နှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်းတို့ ပါဝင်သည်။
ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကူညီထောက်ပံ့ခြင်းများအတွက် ပြည်တွင်း ပြည်ပမှ အလှူရှင်များ၊ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည့် မူဝါဒများ ချမှတ်ပေးခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် အကူအညီပေးသော အလှူရှင်အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ ပြည်တွင်းပြည်ပ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ အဆင်ပြေချောမွေ့စွာ ပူးပေါင်းပါဝင်နိုင်ရန် လိုအပ်သော ဦးဆောင်လမ်းညွှန်မှုပေးခြင်းတို့သည်လည်း NRPC ၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည်။
မြန်မာနိုင်ငံအား ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NRPC က  လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခင်အစိုးရလက်ထက်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတ ဦးဆောင်ပြီး ၁၁ ဦး ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) နှင့် ဒုတိယသမ္မတ ဦးဆောင်ပြီး ၅၂ ဦးပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ကို  ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Source – Eleven Media