တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မစုံလည်း ငြိမ်းချမ်းရေးညီလာခံ ဆက်လုပ်မည်

ရန်ကုန်၊ ဇူလိုင် ၁

၂၁ ရာစုပင်လုံ ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး အစုံအလင် မပါနိုင်လည်း ညီလာခံကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း အဆိုပါညီလာခံ ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများအပြားမှာ အစိုးရသစ် လက်ထက်တွင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ အဖြေမပေးနိုင်သေးဘဲ အစိုးရနှင့် တပ်မတော်ကမူ လက်မှတ်မထိုးသူများ ညီလာခံတက်ခွင့်မပြုဟု ပြောဆိုထားသည်။

“ဒီလုပ်ငန်းစဉ်ကြီးကတော့ ဆက်သွားမယ်” ဟု ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစုံအလင် ပါဝင်နိုင်ခြေ ရှိ၊ မရှိ မေးမြန်းမှုနှင့် ပတ်သက်၍ ဦးလှမောင်ရွှေက တုံ့ပြန်ဖြေကြားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) ကဲ့သို့သော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့ ဆယ်ဂဏန်းခန့်မှာ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ လက်မှတ်ထိုး၊ မထိုးအတွက် တိကျသည့် သဘောထားလည်း ပြောဆိုခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်က ဦးဆောင်ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစု ပင်လုံနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစု စုဖွဲ့ထားသည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရက်ပိုင်းအတွင်း တွေ့ဆုံရန် ညှိနှိုင်းလျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မည့် လက်နက်ကိုင် ထိပ်သီးညီလာခံတစ်ခု ကိုလည်း ဇူလိုင်လအတွင်း ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသ၌ ကျင်းပရန် လက်နက်ကိုင် အဖွဲ့များက စီစဉ်လျက်ရှိသည်။

Source- The Voice