ဒုတိယသမ္မတ တစ်နေရာအတွက် SNLD ကို NLD ကမ်းလှမ်းခဲ့ဟုဆို

ရန်ကုန်၊ မတ် ၇

ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မည့် ဒုတိယသမ္မတ တစ်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို NLD ပါတီက ကမ်းလှမ်းခဲ့ကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“သူတို့အနေနဲ့ ဒုတိယသမ္မတ တစ်နေရာကို SNLD ဘက်က ပေးလို့ရနိုင်မလား ဆိုပြီး ကမ်းလှမ်းတာ ရှိပါတယ်။ တော်တော်ကြာပြီ” ဟု ၎င်းက ဆိုသည်။

NLD ပါတီ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ပါတီအတွင်း ဆုံးဖြတ်ချက် ချထားမှု မရှိသေးသော်လည်း SNLD သည် ရှမ်းပြည်နယ် အစိုးရတွင် ပါဝင်နိုင်ရေးကိုသာ ဦးစားပေးလိုကြောင်း ၎င်းက ဆိုသည်။
“ဒါက CEC က ဆုံးဖြတ်ပါလိမ့်မယ်။ ဘယ်သူက သမ္မတ အရည်အချင်းနဲ့ ကိုက်လည်း ကျွန်တော်လည်း ပြောလို့မရဘူး။ သူတို့ကိုလည်း အဖြေမပေးရသေးဘူး။ ခင်ဗျားတို့လည်း သိပါတယ် လောလောဆယ်တော့ အဲဒါနဲ့ ပတ်သက်ပြီး အပြင်မှာလည်း ရှုပ်နေတာပဲလေ” ဟု ၎င်းက ရှင်းပြသည်။

အလားတူ SNLD ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးကလည်း ၎င်း၏ သမီးတစ်ဦးသည် သြစတြေးလျ နိုင်ငံသားအဖြစ် ခံယူထားသောကြောင့် သမ္မတ အရည်အချင်း ကန့်သတ်ချက် ပုဒ်မ ၅၉ (စ) နှင့် ငြိစွန်းလျက် ရှိသောကြောင့် သမ္မတဖြစ်နိုင်ခြေ မရှိကြောင်း ဦးခွန်ထွန်းဦးက ဆိုသည်။
“ကျွန်တော်ကလည်း သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ အတူတူပဲလေ။ ကျွန်တော်လည်း လုပ်လို့မရသလို စိတ်လည်း မဝင်စားပါဘူး။ ကျွန်တော်တို့က ပြည်နယ်အတွက်ကိုပဲ ဦးစားပေးပြီး လုပ်ချင်တယ်လို့လည်း သူ့တို့ကို ပြောထားပြီးသားပါ” ဟု ၎င်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် မဟာမိတ် ဆက်ဆံရေးရှိသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့တွင် ပါဝင်လျက်ရှိသည်။

အလားတူ UNA အဖွဲ့၏ သဘာပတိ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးအေးသာအောင်ကို NLD ပါတီက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ထားသည်။

ဒုတိယသမ္မတသုံးဦး ရွေးချယ်တင်မြှောက်မည့် အစုအဖွဲ့များ အစည်းအဝေးကို မတ်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ လွှတ်တော်အတွင်း ကိုယ်စားလှယ် အရေအတွက် အများဆုံး ပါဝင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကမူ တင်မြှောက်မည့် သမ္မတလောင်းများ၏ အမည်စာရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ဒုတိယသမ္မတ သုံးဦးကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ တစ်ဦးကျစီ ရွေးချယ်တင်မြှောက်ရမည် ဖြစ်ပြီး ယင်းတို့ အနက်မှ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရွေးချယ်ရမည် ဖြစ်သည်။

News source: The Voice

– See more at: http://www.thevoicemyanmar.com/index.php/news/item/10099-dty#sthash.MAayl8LA.dpuf