မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူမှုဖေဖော်ဝါရီ ၈ ရက်သို့ရွှေ့ဆိုင်း

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးများကိုမူလလျာထားရက်ထက် ခုနစ်ရက် နောက်ဆုတ်၍ ဖေဖော်ဝါရီ ၈ ရက်တွင် ခေါ်ယူမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးကျင်းပပုံများကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အချို့ သွားရောက်လေ့လာမည် ဖြစ်၍ ယခုကဲ့သို့ လွှတ်တော်အစည်းအဝေးများရက်အနည်းငယ် နောက်ဆုတ်လိုက်ကြောင်းမန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်ကပြောသည်။

‘‘သက်ဆိုင်ရာပါတီအလိုက် ကိုယ်စားလှယ်တွေအနေနဲ့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကျင်းပပုံတွေကိုလေ့လာဖို့ အစီအစဉ်ရှိ တဲ့အတွက်ပါ’’ဟုလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်ကပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၂(ခ)၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၉၊ ၂၀၁၃ တိုင်းဒေသ ကြီး(သို့မဟုတ်)ပြည်နယ်လွှတ် တော်ဆိုင်ရာနည်းဥပဒေပုဒ်မ ၃ (က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အ ညီဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို  ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပရန် လွှတ်တော်ခေါ်ယူထားခြင်းဖြစ် သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ် တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌအသစ် များရွေးချယ်ခြင်း၊ လွှတ်တော် ဥက္ကဋ္ဌသစ်ရှေ့မှောက်တွင် လွှတ် တော်ကိုယ်စားလှယ်များကကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတကအဆိုပြုလာမည့် တိုင်းဒေသကြီးဝန်ကြီးချုပ်၏အမည်စာရင်းကိုလွှတ်တော်၏သဘာထားယူမှုအတည်ပြုခြင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်ခြင်း၊ ဝန်ကြီးချုပ်ကတိုင်းဒေသကြီးဝန်ကြီးများအပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များခန့်အပ်ရန် လွှတ်တော်၏သဘောတူညီချက် ရယူခြင်းနှင့် လွှတ်တော်ကအတည်ပြုခန့်အပ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။ (source-7daysdaily)

လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးအသုံးစရိတ်လျာထားချက်သည် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်းလျော့ကျသွားကြောင်းသတင်းရရှိသည်။

နိုင်ငံတော်မှ ကျန်းမာရေးအသုံးစရိတ်သုံးစွဲမှုကို နှိုင်းယှဉ်ကြည့် လျှင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း၌ ၁ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွင်း၌ ၃ ဒသမ ၉၁ ရာခိုင်နှုန်းအထိသိသာစွာတိုးမြှင့်သုံးစွဲခဲ့ ကြောင်းယခု ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်အတွင်းအသုံးစရိတ်အတွက် လျာထားချက်၌ ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာတွေ့ရသဖြင့် ယမန် နှစ်ထက် လျော့ကျသွားပြီးမဖြစ် သင့်ကြောင်း ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီဝင် ဦးမြင့်ဦးကပြောသည်။

‘‘ကျန်းမာရေးအသုံးစရိတ် တိုးရမယ့်အစားလျော့သွားတာသိပ်သဘောမတွေ့ဘူး။ ဘာလို့ လဲဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေ တိုးခန့်ရမယ်။ ဆေးရုံတွေ အဆင့်မြှင့်ရမယ်။ ဆေးဝါးကုသမှု တွေ ပိုပြီး နိုင်ငံတော်ကတာဝန်ယူရမယ်။ တစ်နှစ်ထက်တစ်နှစ် ကျန်းမာရေးအသုံးစရိတ်ကိုတိုးပေးရမယ်။ အခုဟာကအိမ်နီးချင်းတခြားနိုင်ငံတွေနဲ့ယှဉ်ရင် ကျန်းမာရေးအသုံးစရိတ်ဟာနည်းလွန်းအားကြီးတယ်’’ဟုဦးမြင့်ဦးကပြောသည်။  အသုံးစရိတ်လျော့နည်းသွားလျှင် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ၌ လျော့ကျ သွားမည့်သဘောရှိကြောင်း၊ အ ခြေခံအဆောက်အအုံဆောက် လုပ်ခြင်း၊ ဆေးဝါးဝယ်ယူခြင်းများ ၌ လျော့နည်းသွားနိုင်သည့် အ လားအလာမြင်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဆရာဝန်ကြီးတစ်ဦးကမှတ်ချက် ပြုသည်။

‘‘ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ လက်ရှိအခမဲ့ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကိုဘတ်ဂျက်နည်းတဲ့အတွက် လျော့သွားစရာအကြောင်းမရှိဘူး။ ဒီအတိုင်းပဲရအောင် စီစဉ်ဆောင်ရွက် သွားမှာပါ’’ဟုဆေးရုံအုပ်ကြီးဒေါက်တာဦးအေးကိုကိုကကျန်းမာရေးအသုံးစရိတ်လျော့သော် လည်းဝန်ဆောင်မှုလျော့မည်မဟုတ်ကြောင်းပြောကြားသည်။

အစိုးရ၏ကျန်းမာရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲမှုကို ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်ကစတင်ခဲ့ပြီးနောက် အစိုးရဆေးရုံကြီးများ၌ ကျန်းမာရေးဝန်ဆောင်မှုများသိသိသာသာတိုးလာခဲ့သည်။ ရန် ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာများအားဆေးဝါးအချို့အခမဲ့ပေးခဲ့ပြီးကင်ဆာဝေဒနာရှင်များအားလိုအပ်သောဆေးဝါးများအခမဲ့ ပေးသည်။ အရေးပေါ် လူနာအတွက် ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ CT Scan ရိုက်ခြင်း၊ ECG ဆွဲခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုအချို့အားအခမဲ့ဆောင် ရွက်ပေးထားသည်။ ထို့အပြင် မျက်စိအထူးကုဆေးရုံကြီး၌လည်းကုသမှုခံယူသည့်လူနာများအားလုံးအားဆေးဝါးအခမဲ့ ပေးခြင်း၊ ဗဟိုအမျိုးသမီးဆေးရုံ၌လည်းသားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကိုအခမဲ့ပြုလုပ်ပေးနေပြီးတခြားကျန်းမာရေးဝန်ဆောင်မှုများလည်းပြုလုပ်ပေးလျက်ရှိသည်။

‘‘ဘတ်ဂျက်အနည်းငယ် လျော့သွားမယ်ဆိုရင်လည်းသိပ် ကြီးကြီးမားမားသက်ရောက်မှု မရှိနိုင်ပါဘူး။ ဆိုလိုတာက အ ဆောက်အအုံဆောက်လုပ်မယ့် အသုံးစရိတ်တွေမှာလျှော့ချပြီးဆေးဝါးတို့ ဓာတ်ခွဲပစ္စည်းဝယ်ယူတာတွေမှာပိုမှာပေါ့။ ဒါတွေကစီမံခန့်ခွဲသူတွေအပေါ်မှာမူတည် ပါတယ်’’ဟုရန်ကုန်တိုင်းဒေသ ကြီးကျန်းမာရေးဝန်ကြီးဌာန ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဒေါက်တာဝင်းလွင် က ပြောသည်။

ယခုလိုကျန်းမာရေးအသုံးစရိတ်ကိုတိုးမြှင့်လိုက်သဖြင့် ကျန်းမာရေးဝန်ဆောင်မှုပိုင်း၌ တိုးတက် ကောင်းမွန်လာသော် လည်းအာဆီယံဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် ထပ်၍တိုးမြှင့် သုံးစွဲရန် လိုအပ်နေသေးကြောင်းတွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင် နှုန်းကိုကျန်းမာရေးအတွက် သုံးစွဲနေချိန်၌ မြန်မာနိုင်ငံတွင် ၂ ရာခိုင်နှုန်းသာသုံးစွဲနေကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ၅ ဒသမ ၆ ရာခိုင်နှုန်းအထိသုံးစွဲကြောင်းသိရသည်။ (source -7daysdaily)

By
မောင်တာ

On
Wed, 2016-01-20 06:30

Location
မန္တလေး

Issue No.
No.984 Wednesday, January 20, 2016