အရေးပေါ်ညီလာခံကျင်းပရန် ကြံ့ခိုင်ရေးပါတီဆွေးနွေး

(နေပြည်တော်၊ ဇန်နဝါရီ ၁၉)။ ။ ပါတီ၏ ဖွဲ့စည်းပုံအားပယ်ဖျက်၊ ဖြည့်စွက်မည့် ညီလာခံတစ်ရပ် ကျင်းပရေးအတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ တံခါးပိတ်အစည်းအဝေးတွင် ဇန်နဝါရီ ၁၉ရက်က ဆွေးနွေးကြသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူဦးလှသိန်းဆွေကပြောသည်။

“ညီလာခံကိုအရေးပေါ်ညီလာခံလုပ်မလား၊ ပုံမှန်ငါးနှစ်တစ်ကြိမ်လုပ်မလားအဲ့ဒါကိုပဲဆွေးနွေးတာကိုမပြတ်ဘူး” ဟုဦးလှသိန်းဆွေကပြောသည်။

ရွေးကောက်ပွဲအပြီးပထမဆုံးအကြိမ်ပြုလုပ်သောတိုင်းနှင့်ပြည်နယ်များမှ ပါတီဥက္ကဌများဖြစ်သူဝန်ကြီးချုပ်များတက်ရောက်သည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အစည်းအဝေးကိုနေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ဇန်နဝါရီ ၁၉ရက်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အရေးပေါ်ညီလာခံဆိုလို့ရှိရင် ဗဟိုကော်မတီဝင်တွေနဲ့ အဲ့ဒါတွေနဲ့ လုပ်လိုက်လို့ရတယ်လေ။ ပြီးတော့မှ ဖွံ့စည်းပုံစည်းမျဉ်းကို ပြင်စရာရှိတာတွေ ပြင်မယ်။ အဲ့ဒါကိုအတည်ပြုမယ်။ ပြီးတော့မှ ဒီအတိုင်းလေးသွားနေပြီးမှ နောက်တစ်လနှစ်လကြာတဲ့အချိန်မှာတို့ညီလာခံကြီးပေါ့နော်။ ငါးနှစ်သက်တမ်းအတွက် ညီလာခံကြီးလုပ်မယ်ပေါ့နော်။ အများစုကတော့ အဲ့လိုသဘောတူကျတယ်။ တစ်ချို့ကျတော့လည်း နှစ်ခါခေါ်ရင် နှစ်ခါ ပင်ပန်းတယ်။ တစ်ခါထဲအချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီးတော့မှ ညီလာခံကြီးတစ်ခါထဲလုပ်ရင် ကောင်းမယ်ဆိုပြီးတော့ အဲ့ဒီညီလာခံလုပ်ဖို့ကိုမပြတ်ဘူး” ဟုဦးလှသိန်းဆွေကဆိုသည်။

ထို့ကြောင့် အစည်းအဝေးကိုလာမည့် နှစ်ပတ်အတွင်းထပ်မံကျင်းပရန် လျာထားသည်။

ဇန်နဝါရီ ၁၉ရက် အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၂ဦးခန့်ကိုပါတီမှ ထုတ်ပယ်မည်ဟု   ပြင်ပတွင် သတင်းများထွက်ပေါ်နေသည့် အကြောင်းအရာများအားဆွေးနွေးခဲ့ခြင်းမရှိခဲ့ဟုဦးလှသိန်းဆွေကပြောသည်။

ပါတီဝင်တစ်ဦးဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီအကြီးအကဲဦးခင်ရွှေကမူတရားဝင်အကြောင်းကြားစာမရောက်လာသော်လည်း ၎င်းကိုပါတီမှ ထုတ်ပယ်သည်ဟူသည့် သတင်းများထွက်ပေါ်နေသည်ဟုသတင်းထောက်များကို ပြီးခဲ့သည့်ရက်ကပြောဆိုထားသည်။ (source – mizzimaburmese.com)