ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် ပွင့်လင်းမြင်သာမှု ရှိခဲ့သော်လည်း အစိုးရ အနေဖြင့် အားလုံးပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်နေသေးကြောင်း UNFC သဘောထား ထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသည် ပွင့်လင်းမြင်သာမှုရှိသည့် သမိုင်းဝင် အစည်းအဝေးတစ်ခု ဖြစ်သော်လည်း အစိုးရအနေဖြင့် အားလုံးပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်နေသေးကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က စက်တင်ဘာ ၁၁ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် (တိုးချဲ့) အစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ပြုလုပ်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ၏ ပထမအကြိမ် အစည်းအဝေးအပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် အပါအ၀င် နိုင်ငံရေး အခြေအနေ အရပ်ရပ်တို့အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှေးဦးစွာ ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ နေပြည်တော်၌ ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသည် ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် လူထုသို့ သက်သေထူ၍ တင်ပြခဲ့သည့် သမိုင်းဝင် အစည်းအဝေးကြီး တစ်ခုအဖြစ် မှတ်ယူကြောင်း၊ ထိုသို့ ကျင်းပနိုင်ရန် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြသည့် သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် အစိုးရ အနေဖြင့် အားလုံး ပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်နေသေးကြောင်း မြေပြင်တွင် ဖြစ်ရှိနေသည့် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုများ အားလုံးကို အမြန်ဆုံး ရပ်တန့်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရေးနှင့် နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို လက်တွေ့ကျင့်သုံး အဖြေရှာရေးတို့ လိုအပ်ကြောင်း၊ ထို့ပြင် UNFC အနေဖြင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ရှိရာတွင် AA၊ TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

UNFC သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ၏ ပထမအကြိမ် အစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အဓိကကျသည့် မူဝါဒ၊ လက္ခဏာများနှင့် လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ မူဝါဒများ၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အစိုးရစနစ်၊ အာဏာခွဲဝေခြင်း ကဏ္ဍများ၊ အာဏာခွဲဝေခြင်းမှ ထပ်တူပြုအာဏာ၊ အခွန်ဘဏ္ဍာနှင့် သယံဇာတခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၊ လက်နက်ကိုင်တပ်ဖွဲ့ ကဏ္ဍများ၊ ရွေးကောက်တင်မြှောက်ပုံ စနစ်၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများ စသည်တို့ကိုကို တင်သွင်းခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ၏ ပထမအကြိမ် အစည်းအဝေးကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ နေပြည်တော်တွင် လေးရက်ကြာ ပြုလုပ်ခဲ့ပြီး ညီလာခံမှ သဘောထားများကို အခြေခံကာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ကာ ခြောက်လအတွင်း ညီလာခံ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit – Eleven News