၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့် အစုအဖွဲ့ အားလုံး၏ ကိုယ်စားလှယ် အရေအတွက်ကို ယခင်အတိုင်း သတ်မှတ်ရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ ကိုယ်စားလှယ် ရွေးချယ်မှုကို စံနှုန်း သတ်မှတ်ချက်ဖြင့် လုပ်ဆောင်ရန် အစိုးရ မူဝါဒ ချမှတ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မည့် အစုအဖွဲ့ အားလုံး၏ ကိုယ်စားလှယ် အရေအတွက်ကို ယခင်အစိုးရ လက်ထက်က ကျင်းပခဲ့သည့် ညီလာခံအတိုင်း သတ်မှတ်ရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့၏ ကိုယ်စားလှယ် ရွေးချယ်မှုကို စံနှုန်း သတ်မှတ်ချက်ဖြင့် လုပ်ဆောင်ရန် အစိုးရသစ်က သဘောထား မူဝါဒ ချမှတ်ထားကြောင်း ၂၁ ရာစု ပင်လုံ ညီလာခံအကြို ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NC-A) အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လက်မှတ်ထိုးအပြီး ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည် ဖြစ်ရာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ အကြား NCA လက်မှတ် ထိုးပြီး နောက်ပိုင်း ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့သည်။

အစိုးရသစ် အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံကို NCA အတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး ယခု ၂၀၁၆ ခုနှစ် သြဂုတ်လကုန်ပိုင်း မတိုင်မီ ကျင်းပနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးဖြင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။

‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ဦးခတ်ထိန်နန်က “အခု လာမယ့် ပင်လုံ ညီလာခံကို တက်ရောက်မယ့် အစုအဖွဲ့တွေ အားလုံးရဲ့ အချိုးအစား ကိုယ်စားလှယ် အရေအတွက်ပေါ့။ အဲဒါက အရင် ညီလာခံ ပထမအကြိမ် ညီလာခံ ကျင်းပတဲ့ အတိုင်း အချိုးအစား မပြောင်းဘူး။ အဲဒီအတိုင်း လုပ်မယ် ဆိုတာ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ အခု ၂၁ ရာစု ပင်လုံ ညီလာခံမှာ ကျတော့ ဒီပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့နဲ့ ပတ်သက်တဲ့ ညီလာခံ ကိုယ်စားလှယ်တွေရဲ့ စံနှုန်း သတ်မှတ်ချက် ထားပြီးတော့ ရွေးချယ်သွားဖို့ ဆိုတာတွေလည်း အဲဒီ မူလည်း ရှိတာပေါ့။ အရင် ကျွန်တော်တို့ ၂၀၁၆ ဇန်န၀ါရီမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ညီလာခံတုန်းကတော့ အချိန်ကို လောလောလောလော လုပ်ရတဲ့ အတွက်ကြောင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ ပါဝင်တဲ့ နေရာမှာ နည်းနည်းလေး အားနည်းချက်တွေ ချို့ယွင်းချက်တွေ မပြည့်စုံမှုတွေ ဖြစ်သွားတာပေါ့။ အခု ဒီတစ်ခေါက်ကတော့ အချိန်လည်း ရှိသွားတော့ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့နဲ့ ပတ်သက်တဲ့ စံနှုန်း သတ်မှတ်ချက်ကို ပြုစုပြီးတော့ အဲဒီ သတ်မှတ်ချက်အတိုင်းပဲ တက်ရောက်စေမယ်ဆိုတဲ့ အချက်တစ်ချက်ပေါ့” ဟု ပြောကြားသည်။

ညီလာခံ ကျင်းပခြင်းနှင့် ပတ်သက်၍ မည်သည့် နိုင်ငံ ဖြစ်စေ တာဝန် အရှိဆုံးမှာ အစိုးရဖြစ်ပြီး အစိုးရ အနေဖြင့် ကျင်းပမည့် နေရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဆောင် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ အစိုးရ အနေဖြင့်လည်း ညီလာခံနှင့် ပတ်သက်သည့် စဉ်းစားချက် မူဝါဒများ ရှိသော်လည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ညှိနှိုင်းဆွေးနွေးပြီး ရရှိသည့် ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဆိုသည်။

ဦးလှမောင်ရွှေက “အတည်ပြုချက်တွေ အားလုံးက UPDJC မှာပဲ လုပ်မှာပါ။ ကျွန်တော်တို့ လုပ်နေတာက အစိုးရဘက်ခြမ်းက စဉ်းစားချက်တွေ အနေနဲ့ကတော့ အစိုးရမူကတော့ ဒါပေါ့။ ဒါလည်း UPDJC မှာ ပြန်ညှိရမယ်။ ဆိုလိုတာက အခု အချိန်ထိတော့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ ဒီအစု သုံးစုရဲ့ စဉ်းစားချက်ကတော့ အရင်အတိုင်း ထားသင့်တယ် ဆိုတဲ့ စဉ်းစားချက်ပေါ့။ ဒါကို UPDJC မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရယ် နိုင်ငံရေး ပါတီတွေရယ်နဲ့  ညှိဖို့လိုတယ်။ အများစုက သဘောတူရင် အတည် ဖြစ်မှာပေါ့” ဟု ဆိုသည်။

ယခင် အစိုးရ လက်ထက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ အစိုးရဘက်က ၇၀ ဦး၊ လွှတ်တော်များ ဘက်မှ ၆၉ ဦး၊ တပ်မတော်မှ ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့မှ ၁၃၅ ဦး၊ နိုင်ငံရေး ပါတီများမှ ၁၃၇ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ်များမှ ၄၅ ဦး၊ ပါဝင်သင့် ပါဝင်ထိုက်သူများမှ ၄၂ ဦး တက်ရောက်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများ စသည့် ကဏ္ဍများကို အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း ပြုလုပ်ခဲ့သည်။

အဆိုပါ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တပ်မတော် အစုအဖွဲ့မှသာ သတ်မှတ်ထားသည့် ကိုယ်စားလှယ် အရေအတွက် အတိုင်း တက်ရောက်နိုင်ခဲ့ပြီး ကျန်အစုအဖွဲ့များမှာ သတ်မှတ်ကိုယ်စားလှယ် အရေအတွက် ပြည့်မီအောင် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

ယခင် အစိုးရ လက်ထက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်မည့် အစုအဖွဲ့တို့၏ ကိုယ်စားလှယ် အချိုးအစားမှာ အစိုးရ ၇၅ ဦး၊ လွှတ်တော် ၇၅ ဦး၊ တပ်မတော် ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၅၀၊ နိုင်ငံရေးပါတီ ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ၅၀ စုစုပေါင်း ညီလာခံ ကိုယ်စားလှယ် ၇၀၀ ဦးအဖြစ် သတ်မှတ်ခဲ့သည်။

Writer:
အောင်ဇော်ထွန်း
Source – Eleven Media