ကြားဖြတ် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူး ရုံးများတွင် စတင်ကြေညာ

လာမည့် ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရမည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းများအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကြေညာထားကြောင်း သိရသည်။

မဲဆန္ဒရှင် စာရင်းများအား ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး ဖေဖော်ဝါရီ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရုံးများတွင် ကပ်ထားမည်ဖြစ်ကြောင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ကန့်ကွက်ခြင်းများအား ဖေဖော်ဝါရီ ၁၄ ရက်အထိ လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဝင် (၃) ဦးစီကို မဲစာရင်းကပ်ထားတဲ့ နေရာတိုင်းတွင် တာဝန်ပေးထားကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရီက ပြောကြားသည်။

“၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် စာရင်းတွေဟာ အဲဒီတုန်းက စာရင်းကောက်တုန်းက တစ်အိမ်တက်ဆင်း ကောက်ယူခဲ့တာ မဟုတ်ဘူး။ ရပ်ကွက်၊ ကျေးရွာတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေရဲ့ အိမ်ထောင်စုစာရင်း (၆၆/၆) အပေါ်အခြေခံပြီး ကောက်ယူထားတာ ဖြစ်ပါတယ်။ အခုကြားဖြတ် ရွေးကောက်ပွဲမှာကတော့ မဲဆန္ဒရှင် စာရင်းတွေကို တစ်အိမ်တက်ဆင်း ကောက်ယူထားတာ ဖြစ်ပါတယ်။ အခုလက်ရှိ မဲဆန္ဒရှင်စာရင်း ၁၂၅၉၃၄ ဦးဟာ စာရင်းအမှန် ဖြစ်ပါတယ်။ ဒီမဲစာရင်းဟာ ၂၀၁၅ ခုနှစ်တုန်းက မဲဆန္ဒရှင်စာရင်းကို အခြေခံထားသော်လည်း အဲဒီမဲစာရင်းမှာက သေဆုံးခဲ့ပြီးတဲ့သူတွေ ပါဝင်ခဲ့တာတွေ၊ မဲဆန္ဒရှင် စာရင်းတွေကို ကတိုက်ကရိုက် ကောက်ယူခဲ့ရတာတွေအတွက် မဲဆန္ဒရှင်တွေ ဖောင်းပွနေခဲ့ပါတယ်။ အခု အဲဒီစာရင်းတွေကို အကုန်ပယ်ထားပါတယ်။ ဒါကြောင့် အခုမဲဆန္ဒရှင်စာရင်းက အမှန်စာရင်း ဖြစ်ပါတယ်။ အရင်စာရင်းနဲ့ဆိုရင် မဲဆန္ဒရှင် ၅၇၀ ကျော်လောက် လျော့သွားပါတယ်။ အခုမဲဆန္ဒရှင် စာရင်းမှာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှာ ၁၈နှစ်ပြည့်မယ့် သူတွေအထိကို ထည့်သွင်းထားပါတယ်” ဟု ဦးထွန်းရီက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “နောက်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် စာရင်းတွေကို အက္ခရာစဉ်နဲ့ သွားလိုက်တဲ့ အခါကျတော့ ဒီအိမ်မှာ လူဘယ်နှစ်ယောက် ရှိလဲဆိုတာကို ချက်ချင်းစစ်လို့မရဘူး။ အိမ်ထောင်စုအလိုက် မဟုတ်တဲ့ အတွက်ကြောင့် မဲဆန္ဒရှင် စာရင်းလာကြည့်တဲ့သူတွေက စစ်ရတာခက်ပါတယ်။ အခု မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုစာရင်း လိုက်စီထားတဲ့အတွက် အိမ်ထောင်စုတစ်ခုက မဲဆန္ဒရှင်စာရင်းကို တပြိုင်နက်ထဲ တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မဲစာရင်း ပြင်ဖို့အတွက်ကိုလည်း လာရောက် အကြောင်းကြားရင် တစ်ခါတည်း ပြင်ပေးမယ်။ ပြီးရင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံကို အကြောင်းကြား၊ ပြီးတာနဲ့ အချောပြန်ထုတ်ပြီး တစ်ခါတည်း ပြန်ကပ်ပေးထားပါမယ်” ဟုပြောကြားသည်။

ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ရွှေကလည်း “မဲဆန္ဒရှင်စာရင်းကို အခုမှစကပ်တဲ့အတွက် သိတဲ့လူကတော့ နည်းသေးတာပေါ့။ ဒီနေ့ညနေပိုင်းကစပြီး အသံချဲ့စက်နဲ့ လိုက်ပြီးတော့ ကြေညာပေးပါမယ်။ နောက်ပြီး လက်လှန်းမီသလောက် မဲစာရင်းစစ်ကြဖို့ ဗီနိုင်းတွေကို ကပ်ထားပေးပါတယ်။ လက်ကမ်း စာစောင်တွေကိုလည်း လိုက်ဝေထားပြီး ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ညနေပိုင်း အလုပ်သိမ်းချိန် လောက်မှပဲ မဲစာရင်းတွေလာ ကြည့်ကြပါတယ်” ဟုပြောကြားသည်။

“မဲစာရင်းကဒီနေ့မှ ကပ်တယ်ဆိုတော့ လုံးဝသွားမကြည့်ရသေးဘူး။ ဒီကြားဖြတ် ရွေးကောက်ပွဲကိုတော့ အချိန်နီးလာရင် ပြည်သူတွေ စိတ်ဝင်စားကြမှာပါ။ ဒီတစ်ခါ ရွေးကောက်ပွဲမှာ လူကိုပဲ အထူးကြည့်ပြီးတော့ မဲထည့်သွားမှာ ဖြစ်ပါတယ်။ အဓိက ပြည်သူတွေကို အကျိုးပြုမယ့် ပုဂ္ဂိုလ်မျိုးတွေကို အထူးသဖြင့် ဦးစားပေးပြီးတော့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟုချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ဦးလှထွန်းက ပြောကြားသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဧပြီ ၁ရက်တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စသည့်ပါတီငါးခုမှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Writer:
ဘိုဘိုမြင့်
Source – Eleven Media