၂၁ ရာစုပင်လုံသို့ ရခိုင်အမျိုးသားပါတီ တက်၊ မတက် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်မည်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံသို့ ရခိုင်အမျိုးသားပါတီတက်ရောက်ခြင်းပြု၊ မပြု လာမည့် ဇူလိုင်လဆန်းတွင် ကျင်းပမည့် ရခိုင်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး၌ ဆုံးဖြတ်မည် ဖြစ်ကြောင်း ယင်းပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကို ဇူလိုင် ၁ ရက်နှင့် ၂ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ခြင်းကိစ္စနှင့် ယင်းညီလာခံတွင် တင်ပြမည့် နိုင်ငံရေးမူဘောင်တို့ကို ဆွေးနွေးကြမည်ဟု ၎င်းက ပြောသည်။

‘‘နိုင်ငံရေးပါတီရဲ့ လုပ်ထုံး လုပ်နည်းအတိုင်းပါပဲ။ တစ်ဦး တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အ တိုင်းလုပ်လို့မရပါဘူး။ အဲဒါ ကြောင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ယူရမှာ ပါ။ ငြိမ်းချမ်းရေးညီလာခံကို တက် ရောက်ဖို့ကတော့ များပါတယ်’’ဟုဦးထွန်းအောင်ကျော်က ဆိုသည်။

အဆိုပါ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့အစည်းအဝေးတွင် ၂၀၁၇ အတွင်း ရခိုင်အမျိုးသားပါတီညီလာခံကျင်းပနိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးကြမည် ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့၌ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်နေရာ ၄၀ ကျော် ရရှိထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရက လာမည့်သြဂုတ်အတွင်း ကျင်းပရန် စီစဉ်နေကာ အဆိုပါညီလာ ခံကို နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာရရှိမှသာ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စာ ရင်းများအရ တရားဝင်နိုင်ငံရေး ပါတီ ၉၁ ပါတီရှိကာ လွှတ်တော် တွင် နေရာရသော နိုင်ငံရေးပါတီ ၂၂ ပါတီရှိနေသဖြင့် ယင်းပါတီ များသည် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံသို့ တက်ရောက်ခွင့်ရသည့်အနေအ ထားရှိသည်။

Source- 7 Days Daily