7 Day သတင်းစာမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တို့ကို ရာဇသတ်ကြီး ဥပဒေဖြင့် အရေးယူပေးရန် တပ်မတော် အရာရှိကြီးတစ်ဦးက တရားလိုပြု၍ ကမာရွတ်မြို့မ ရဲစခန်းတွင် ဇွန်လ ၂၅ ရက်နေ့က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ဧပြီလ ၂၄ ရက်နေ့ထုတ် 7 Day သတင်းစာတွင် ဖော်ပြခဲ့သော ‘စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း’ သတင်းမှာ တပ်မတော်နှင့် အစိုးရ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းဟု သဘောသက်ရောက်စေသဖြင့် တပ်တွင်း စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေရန် ရေးသားဖော်ပြသည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် အရေးယူပေးရန် ရန်ကုန်တပ်နယ်မှူး ဒုဗိုလ်မှူးကြီး လင်းထွန်းက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါသတင်းတွင် ‘လက်ရှိအချိန်ကာလတွင် ပြည်သူအများက ရွေးချယ်တာဝန်ပေးအပ်ထားသည့် အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေပြီ ဖြစ်သောကြောင့် နိုင်ငံအကျိုးရှိမည့် ကိစ္စများ ဆောင်ရွက်ရာတွင် မည်သူမဆို ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းကသာလျှင် နိုင်ငံသားတို့၏ ဆန္ဒ၊ နိုင်ငံရဲ့ သစ္စာကို စောင့်သိရာကျမည်ဟု သူရဦးရွှေမန်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားချက်ကိုသာ ကိုးကားပြီး သတင်းရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဧပြီလ ၂၄ ရက်နေ့ထုတ် 7 Day Daily တွင် ဖော်ပြခဲ့သည့် အဆိုပါ သတင်းမှာ သူရဦးရွှေမန်း၏ တရားဝင် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီလ ၂၃ ရက်နေ့ ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ၏ ၄၇ နှစ်မြောက် ကျောင်းဆင်းပွဲ နှစ်ပတ်လည် အထိမ်းအမှတ် မေတ္တာမွန် စာလွှာကို ပြန်လည်ကူးယူဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း 7 Day Daily မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
‘ညီနောင်များ ပြည်သူတွေ ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာ သိကြရပြီ။ တို့တစ်တွေကို အဖေ၊ အမေက မွေးမြူပြုစုခဲ့တာ (၁၇/၁၈) နှစ်သား အထိသာ။ ဒီနောက်တော့ ပြည်သူနှင့် တိုင်းပြည်က ကျွေးမွေးစောင့်ရှောက် မြေတောင်မြှောက်ပေးခဲ့တယ်။ ဒီတာဝန်ကို တပ်မတော်က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ပေးခဲ့တယ်’ ဟု သူရဦးရွှေမန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ၏ (၄၇) နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်ခေါင်းစဉ်ဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်ကာလတွင် ပြည်သူများက ရွေးချယ်တာဝန်ပေးအပ်ထားသည့် အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေပြီ ဖြစ်ကာ ၎င်းအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင်၊ ပြည်သူအကျိုးစီးပွား ဖြစ်ထွန်းအောင် မေတ္တာ၊ သစ္စာဖြင့် နိုင်ငံနှင့် ပြည်သူအတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြားသိနေရသဖြင့် မိမိတို့ ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပါဝင် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါကောင်း ဖြစ်ကြောင်း ဆက်လက်ရေးသားဖော်ပြထားသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သူရဦးရွှေမန်း၏ ရေးသားဖော်ပြချက်သည် တပ်မတော်သည် ပြည်သူများက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစဉ်တစိုက် ပြောဆိုလုပ်ဆောင်ခဲ့သည်များကို လျစ်လျူရှုလျက် တပ်မတော်က ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့်ပေးသည့် သဘောထားကို သက်ရောက်စေကြောင်း၊ နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်း မရှိဘဲ တပ်မတော် ပြိုကွဲရေး၊ အစိုးရ အဆက်ဆက်၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများ၏ အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အတွက် ကန့်ကွက်ကြောင်း ဧပြီလ ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“7 Day သတင်းတိုက်ကို တပ်မတော်က အမှုဖွင့်တိုင်ကြားပေမယ့် စာနယ်ဇင်းကောင်စီကို ကြိုတင်အသိပေးတာမျိုး၊ တိုင်ကြားတာမျိုး မရှိခဲ့ဘူး၊ လွန်ခဲ့တဲ့ ၂ နှစ်လောက် တည်းက ကာ/ချုပ်နဲ့ သမ္မတ ဦးသိန်းစိန်ထံ မီဒီယာနဲ့ အစိုးရ ဒါမှမဟုတ် တပ်မတော်ဘက်မှာ သတင်းဖော်ပြမှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ခု ပြဿနာဖြစ်ခဲ့ရင် ကြိုတင်အသိပေးဖို့ ညှိနှိုင်းဆွေးနွေးပေးဖို့ တောင်းဆိုခဲ့တာ အကြိမ်မနည်းတော့ဘူး။ အခုကိစ္စကို စာနယ်ဇင်းကောင်စီမှာ အစည်းအဝေးလုပ်ပြီး တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့မှ ဦးမြင့်ကျော်က မှတ်ချက်ပေးသည်။
7 Day Daily တွင် ဖော်ပြခဲ့သည့် အဆိုပါသတင်းနှင့် ပတ်သက်၍ တပ်မတော်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် ယင်းသတင်းနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြခဲ့သူကို အရေးယူခြင်းမရှိဘဲ မီဒီယာအပေါ် အမှုဖွင့် အရေးယူခြင်းမှာ အကြောက်တရား ဖြစ်စေရန် ပြုလုပ်နေသည့် သဘော သက်ရောက်နေကြောင်း ဦးမြင့်ကျော်က ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။
“အမှုဖွင့်ခံရတာ မီဒီယာတွေ ဆက်သွယ်မေးမြန်းလာမှ သိခဲ့ရတယ်၊ ကမာရွတ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားချက်ကို သွားစုံစမ်းခဲ့ပေမယ့် ဒီအမှုနဲ့ ပတ်သက်ပြီး လတ်တလော ကျွန်တော်တို့ဘက်က ဘာတစ်ခုမှ မှတ်ချက်တစ်စုံတစ်ရာ မပေးလိုသေးပါဘူး။ ဧပြီလမှာ ဒီသတင်းဖော်ပြခဲ့ပြီး မေလထဲမှာ ဒီသတင်းဖော်ပြမှုနဲ့ ပတ်သက်လို့ သတင်းရဲတပ်ဖွဲ့က ခေါ်ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ နှစ်ဖက်ပြေလည်မှု ရခဲ့ပြီးမှ အခုမှ အမှုဖွင့် တိုင်ကြားခံရတာပါ” ဟု 7 Day Daily ၏ တာဝန်ခံ အယ်ဒီတာ ကိုအားမာန်က ဆိုသည်။
7 Day Daily အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနှင့် သတင်းထောက် မင်းဟိန်းကျော်တို့ကို အမှုဖွင့် တိုင်ကြားထားသည့် ရာဇသတ်ကြီး ပုဒ်မ ၁၃၁ မှာ ထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေ ကျွမ်းကျင်သူများထံမှ စုံစမ်းသိရှိရသည်။
Source- The Voice