တန်းတူရေးနှင့် ဖက်ဒရယ်ကို လက်ခံသည် ဆိုပါက ဗမာအားလုံးကို ကိုယ်စားပြုနိုင်မည့် ပြည်နယ် မလိုအပ်ဘူးလား ဆိုသည်မှာ ဗမာတိုင်းရင်းသားများ အနေဖြင့် စဉ်းစားသင့်ဟု မိုင်ဂျာယန် အစည်းအဝေး၏ UNA ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်အထိ ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသ၌ ကျင်းပခဲ့ရာ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၂ ပါတီဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ် စိုင်းကျော်ညွန့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
စိုင်းကျော်ညွန့်က “ပြည်နယ်ကိစ္စနဲ့ ပတ်သက်ရင်တော့ ဒီမှာ ဆွေးနွေးကြတာ အဓိကက ဗမာပြည်နယ် ဖွဲ့စည်းရေးပါတယ်။ နောက်ပြီး တခြား အမျိုးသားများ ပြည်နယ်ဆိုတဲ့ ပုံစံနဲ့ ဆွေးနွေးကြတာ ရှိပါတယ်။ ဒါပေမဲ့ အပြီးအပြတ်ကြီးတော့ ဘယ်နှပြည်နယ် ဆိုပြီးတော့ အတိအကျ ထွက်တာတော့ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ တန်းတူရေး ဆိုတာကို သွားတဲ့ အချိန်မှာ။ ပြီးတော့ ကျွန်တော်တို့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အချိန်မှာ ကိုယ်စားပြုမှုကတော့ တူတယ်လေ။ အဲဒီတော့ ဘယ်ပြည်နယ်မှာ ဥပမာ ကျွန်တော်တို့ ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားများ အားလုံးပေါ့လေ။ ဟိုတုန်းကတော့ Federated Shan State ရှိခဲ့တယ်လေ။ အခု ရှမ်းပြည်နယ်ပေါ့လေ။ အဲဒီလို ရှိသလို ကျွန်တော်တို့ ဗမာအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်ရော မလိုအပ်ဘူးလားလို့။ ဒါက ဗမာတိုင်းရင်းသားများ အနေနဲ့ စဉ်းစားသင့်တဲ့ အချက် ဖြစ်ပါတယ်။ ဒါရှိသင့်တယ်လို့လည်း မြင်ပါတယ်။ ကျွန်တော်တို့ တန်းတူရေးကို သွားတဲ့ အချိန်မှာ။ ဒါမှမဟုတ်ရင် နိုင်ငံရေးအရ တန်းတူရေးကို ဘယ်လို ဖော်ဆောင်မလဲပေါ့။ တန်းတူရေးကို လက်ခံတယ်။ ဖက်ဒရယ်ကို လက်ခံတယ် ဆိုရင်တော့ဖြင့် ဒါတွေက စဉ်းစားရမယ့် အချက်တွေ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
ယင်းကိစ္စများသည် အနာဂတ်တွင် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က ချမှတ်ထားသည့်မူ ဖြစ်သောကြောင့် သက်ဆိုင်သူ အားလုံးနှင့် ညှိနှိုင်းရမည့် ကိစ္စ ဖြစ်သည်ဟုလည်း မိုင်ဂျာယန် အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က ဆိုသည်။
ဆက်လက်၍ ခူဦးရယ်က “နောက်အချက်က အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်ကြမယ် ဆိုတဲ့ အခြေခံ သဘောထားကလည်း ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ တူညီတဲ့ သဘောထားတစ်ခု ရပြီးမှပဲ အခြေခံ ဥပဒေကို ညှိနှိုင်း ဆောင်ရွက်ကြတဲ့ အခါမျိုးတွေမှာ ပြည်နယ်တွေကို ဘယ်လို စုဖွဲ့ကြမလဲ၊ ဘယ်လို ညှိနှိုင်း ဆောင်ရွက်ကြမလဲ ဆိုတဲ့ အဖြေကတော့ နောက်ဆက်တွဲ ကိစ္စပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုနေ အခါမှာတော့ တကယ်လို့ မပြေလည်ဘူး ဆိုရင် ဘယ်လိ ဆက်လက်ညှိနှိုင်း ဆောင်ရွက်မလဲ။ ညှိနှိုင်းဆောင်ရွက်တဲ့ အဆင့်နဲ့ပဲ သွားရမှာပါပဲ။ အားလုံး သဘောတူ လက်ခံနိုင်တဲ့ အဆင့်နဲ့ ကြေလည်တဲ့အထိ ညှိနှိုင်းဆောင်ရွက် ကျရမှာပါပဲ” ဟု ပြောကြားသည်။
တိုင်းရင်းသားများ အနေဖြင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို ဒီမိုကရေစီ အခွင့်အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသည့် အခြေခံများဖြင့် တည်ဆောက်ရန် တောင်းဆိုနေခြင်းဖြစ်ပြီး ခွဲထွက်ရေးကို မည်သည့်အဖွဲ့မှ တောင်းဆိုခြင်း မရှိဟု မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး ဦးဆောင်ကော်မတီဝင် နိုင်ဟံသာက ပြောကြားသည်။
မိုင်ဂျာယန် အစည်းအဝေးတွင် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရာတွင် အခြေခံရမည့် မူများကိုလည်း ဆွေးနွေးပြီး အသေးစိတ် ဆက်လက် ဆွေးနွေးနိုင်ရန် အလုပ်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ဆွေးနွေးမှုတွင်လည်း လက်ရှိ အမျိုးသားပြည်နယ် ခုနစ်ပြည်နယ်အပြင် တိုင်းဒေသကြီး အချို့ကိုလည်း အမျိုးသားများ ပြည်နယ်အဖြစ် နာမည်ပေးရန် ရည်ရွယ်ထားကြောင်းလည်း မွန်ပြည်သစ်ပါတီ (NMSP) ၏ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သူ နိုင်ဟံသာက ပြောကြားထားသည်။
နိုင်ဟံသာက “ကျွန်တော်တို့ ရည်ရွယ်တာကတော့ လက်ရှိ အမျိုးသားပြည်နယ် ဥပမာ ကချင်၊ ကရင် ရှမ်း စသဖြင့်ပေါ့ ခုနစ်ပြည်နယ် ရှိပြီးသား။ နောက် တချို့တိုင်းဒေသကြီး အနေနဲ့ ဖွဲ့စည်းထားတဲ့ ခွင်တချို့ပေါ့ဗျာ ဥပမာ တနင်္သာရီတိုင်းတို့ ဧရာဝတီတိုင်းတို့ အဲဒီ ခွင်တွေမှာ အဲဒီ တိုင်းဒေသကြီးတွေမှာ လူမျိုးပေါင်းစုံနဲ့ စုစည်းထားတဲ့ အနေအထားဖြစ်တော့ လူမျိုးတစ်မျိုးတည်းရဲ့ နာမည်ကို တပ်ရင် ဒါက မပြည့်စုံဘူး။ အဲဒီလို အနေအထားမျိုးမှာ အမျိုးသားများ ပြည်နယ် ဆိုပြီးတော့မှ နာမည်ပေးဖို့ ဖြစ်တယ်။ လောလောဆယ် ကျွန်တော်တို့ လျာထားတာက တနင်္သာရီတိုင်းရယ်၊ ဧရာဝတီတိုင်းရယ် နောက် စစ်ကိုင်းတိုင်းရဲ့ မြောက်ပိုင်းချင်းတွင်းမြစ် အထက်ပိုင်းပေါ့ဗျာ အဲဒီခွင်ကိုလည်း ကျွန်တော်တို့ လျာထားပါတယ်” ဟု ရှင်းပြခဲ့ထားသည်။
မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ စုစုပေါင်း ၁၇ ဖွဲ့၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(UNA)၊ တိုင်းရင်သား ညီနောင်ပါတီများ ဖက်ဒရေးရှင်း (NBF) စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
Source- Eleven Daily