နိုင်ငံရေး ဆွေးနွေးပွဲများတွင် လုံခြုံရေးနှင့် နိုင်ငံရေး ကဏ္ဍသာ မက ပြည်သူများအတွက် တိုက်ရိုက် အကျိုးပြုမည့် ကိစ္စများကို ဦးစားပေး ဆွေးနွေးရန် လိုအပ်ပြီး သက်ဆိုင်ရာ အဖွဲ့အားလုံး အနေဖြင့်လည်း ငြိမ်းချမ်းရေးကို ဟန်ပြမဟုတ်ဘဲ ပြည်သူ့အကျိုး ဦးတည်လုပ်ဆောင်ရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက်အတွင်းရေးမှူး -၂ စိုင်းကျော်ညွန့်က ပြောကြားသည်။
အစိုးရက သြဂုတ်လအတွင်း ကျင်းပရန် ပြင်ဆင်နေသည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ဦးစားပေး ဆွေးနွေးသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့၏ အတွင်းရေးမှူးလည်း ဖြစ်သူ စိုင်းကျော်ညွန့်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
စိုင်းကျော်ညွန့်က “ဦးစားပေး အစီအစဉ်ကတော့ဖြင့် နိုင်ငံရေးနဲ့ လုံခြုံရေးက ဒီလုပ်ငန်းစဉ်က ကြာလာတဲ့ အခါမှာ ပြည်သူတွေက ဘာမြင်နိုင်လဲဆိုတော့ အရေးကြီးတယ်။ ဒါပေမဲ့ ပြီးတော့ ဆုံးဖြတ်ချက်ကလည်း ချက်ချင်းချဖို့ မလွယ်တဲ့ ကိစ္စတွေ ဖြစ်တယ်။ လုံခြုံရေး ကဏ္ဍနဲ့ နိုင်ငံရေး ကဏ္ဍက။ အဲဒီတော့ ပြည်သူတွေ အမြင်မှာ ကာလရှည် ကြာလာပြီးတော့ ငါ့တို့အတွက်တော့ ဘာမှ မထူးပါဘူး။ နိုင်ငံရေး သမားတွေက ဒါမှမဟုတ်ရင် လက်နက်ကိုင်တွေက၊ အစိုးရတွေက သူတို့ဟာပဲ သူတို့ လုပ်နေတယ် ဆိုတဲ့ အမြင်မျိုး မြင်သွားနိုင်တယ်။ အဲဒီတော့ ပိုကောင်းတာက ပြည်သူအကျိုးကို တိုက်ရိုက်ထိတဲ့ ပညာရေးတို့ ကျန်းမာရေးတို့ကိုလည်း ဆွေးနွေးသင့်တယ်။ ဒါဆိုရင် ပြည်သူအမြင်မှာ ဘာဖြစ်သွားနိုင်လဲဆိုတော့ ငါတို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို သူတို့ လုပ်နေတယ် ဆိုတဲ့ အဲဒီ အမြင်မျိုးပေါ့။ ဦးစားပေးကိုတော့ ပြောရရင် ခက်တယ်။ အကုန်လုံး အရေးကြီးတာတွေ ချည်းပဲ။ ဒါပေမဲ့ စဉ်းစားရမှာက ကျွန်တော်တို့က ပြည်သူတွေက ဒီနိုင်ငံရေး ဆွေးနွေးပွဲကြီးကို ဘယ်လို မြင်မလဲပေါ့။ တစ်နှစ်လာလည်း မပြီး နှစ်နှစ်လာလည်း မပြီး သုံးနှစ်လာလည်း ဒါပဲ ပြောနေတယ်။ ပြည်သူကို တိုက်ရိုက် အကျိုးပြုမယ့် ပြည်သူနဲ့ တိုက်ရိုက် ထိစပ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးတယ်ဆိုရင် ဆုံးဖြတ်ချက် ရယူပြီး အဲဒါတွေ အကောင်အထည် ဖော်နိုင်တယ် ဆိုရင် ဒါက ဒီနိုင်ငံရေး ဆွေးနွေးပွဲဟာ ပြည်သူတွေအတွက် အကျိုးရှိတယ် ဆိုတာ သွားမြင်နိုင်တယ်လေ” ဟု ပြောကြားသည်။
လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ဖြစ်ပွားသော တိုက်ပွဲများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခ ရောက်နေကြရသည့် ပြည်သူများလည်း ရှိနေရာ ယင်းစစ်ဘေး ဒုက္ခသည်များအရေး ကိစ္စ၊ မြေယာကဏ္ဍများသည်လည်း အရေးကြီးကြောင်း တစ်ပြိုင်တည်း ဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ စိုင်းကျော်ညွန့်က “တစ်ခုပဲ ပြောချင်ပါတယ်။ ဒီငြိမ်းချမ်းရေး ကိစ္စတွေ လုပ်နေတာက ဟန်ပြ မဟုတ်ဘဲနဲ့ တကယ့် ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်း အားလုံးက တကယ့်ရင်ထဲမှာ ပါပြီးတော့ ပြည်သူတွေရဲ့ အကျိုးကို ဦးတည်တဲ့ လုပ်ဆောင်ချက်မျိုး အဲဒီ စိတ်ဓာတ်နဲ့ လုပ်သင့်တယ်လို့ဖြင့် အားလုံးကို ပြောချင်ပါတယ်။ တချို့ကိစ္စတွေမှာတော့ဖြင့် အဖွဲ့အစည်းတွေကို ပြောချင်တာ ကိုယ့်ရဲ့ အရေးကိစ္စပဲ မဟုတ်ဘဲနဲ့ ပြည်ထောင်စုရဲ့ အရေးကိစ္စကို စဉ်းစားသင့်တယ်လို့ အကြံပြုလိုပါတယ်” ဟု ဆိုသည်။
၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ အပါအ၀င် ၂၁ ရာစု ပင်လုံညီလာခံအတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက်၊ ၁၂ ရက် နှင့် ၁၃ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပရန် ပြင်ဆင်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သြဂုတ် ၁၁ ရက်တွင် အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ သြဂုတ် ၁၂ ရက်တွင် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်များ၊ သြဂုတ် ၁၃ ရက်တွင် အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေး ပါတီများ စုပေါင်းဆွေးနွေး ညှိနှိုင်းရန် ပြင်ဆင်နေကြောင်း အစိုးရ၏ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက သြဂုတ် ၆ ရက်တွင် ပြောကြားသည်။
ယခင် အစိုးရ လက်ထက်က ရေးဆွဲထားသည့် လက်ရှိနိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများမှာ (က) နိုင်ငံရေး၊ (ခ) လူမှုရေး၊ (ဂ) စီးပွားရေး၊ (ဃ) လုံခြုံရေး၊ (င) မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ၊ (စ) အထွေထွေ စသည့် ကဏ္ဍများဖြစ်ပြီး ယင်းကဏ္ဍများအောက်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ခေါင်းစဉ်ခွဲများလည်း ပါဝင်သည်။
လက်ရှိ အစိုးရ အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ထိရောက်မြန်ဆန် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် လာမည့် ညီလာခံတွင် နိုင်ငံရေး ကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍတို့ကို ဦးစားပေး ဆွေးနွေးရန်နှင့် ကျန်ကဏ္ဍများကို ညီလာခံနှင့် တစ်ပြိုင်တည်း ကျင်းပမည့် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်တွင် ဆွေးနွေးရန် မူချမှတ်ထားကြောင်း သိရသည်။
ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းက “အခု ကျွန်တော်တို့ တိုင်းပြည်ရဲ့ အဓိက ပြဿနာက နိုင်ငံရေး ပြဿနာပဲ ဖြစ်ပါတယ်။ အခြေခံနိုင်ငံရေး ပြဿနာကို မဖြေရှင်းဘဲနဲ့ ပညာရေး၊ ကျန်းမာရေး ဆိုတာ အရေးကြီးတယ်။ အဲဒါလည်း အပြီးသတ် ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး။ ပြီးတော့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး ဆိုတာကလည်း နိုင်ငံရေး မပြေလည်ဘဲနဲ့ ဘယ်လိုမှ ချထားလို့ရမှာ မဟုတ်ဘူး။ နိုင်ငံရေး မပြေလည်လို့ ပြည်တွင်းစစ် ဖြစ်တယ်။ ပြည်တွင်းစစ်ဖြစ်တဲ့ အတွက် ဒုက္ခသည်တွေ ဖြစ်တယ်။ ဆိုတော့ နိုင်ငံရေး ပြဿနာနဲ့ လုံခြုံရေး ပြဿနာက အဓိက အခရာဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ အဲဒါကို ပြေလည်အောင် ဆောင်ရွက်နိုင်မယ် ဆိုရင် ကျန်တဲ့ဟာတွေက နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တယ်။ အဲဒါကြောင့် ပြဿနာကို ချဉ်းကပ်တဲ့ နေရာမှာ ဒီပြည်တွင်းစစ်ကို စတင် ဖန်တီးလိုက်တဲ့ ပြဿနာက ဘာလဲ အဲဒါနိုင်ငံရေး။ ဒါကို ကျွန်တော်တို့ ကိုင်တွယ်မယ်။ ပြီးတော့ ပြည်တွင်းစစ်က နှစ်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါး ပြည်တွင်းစစ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ပြည်တွင်းစစ်က ထပ်ဆင့် ဖန်တီးလိုက်တဲ့ ပြဿနာတွေ ဖြေရှင်းရမယ်။ အဲဒါက ခုနပြောတဲ့ ဒုက္ခသည်တွေရဲ့ ပြဿနာတွေလိုဟာမျိုး တိုင်းပြည် မတည်ငြိမ်လို့ ပြီးတော့ စစ်အာဏာရှင် စနစ်ကြောင့် ပြီးတော့ အခြေအနေ အမျိုးမျိုးကြောင့် ပညာရေး၊ ကျန်းမာရေးချို့တဲ့တဲ့ ကိစ္စ ဒါတွေကို တစ်ပြိုင်နက်တည်း လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။