NBF နှင့် တွေ့ဆုံရန် သြဂုတ်လ ဒုတိယပတ်အတွင်း UNA ဆုံးဖြတ်မည်

ညီနောင် တိုင်းရင်းသားများ ဖက်ဒရေရှင်း (NBF) နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် လာမည့် သြဂုတ်လ ဒုတိယပတ်အတွင်း ပြုလုပ်မည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) ၏ ပုံမှန် အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း UNA အဖွဲ့ဝင် မွန်အမျိုးသား ပါတီက တွဲဖက် အတွင်းရေးမှူး ဦးနိုင်စိုးမြင့်က ပြောကြားသည်။
”မူအားဖြင့်တော့ သဘော တူထားတယ်။ လက်တလော အစည်းအဝေး မထိုင်ရသေးဘူး။ ဒီလ ဒုတိယပတ် အတွင်းမှာ UNA ရဲ့ ပုံမှန် အစည်းအဝေး ရှိတယ်။ အဲ့ဒီ အစည်းအဝေးမှာ NBF နဲ့ ဘယ်မှာ တွေ့မယ်။ ဘယ်ရက် တွေ့မယ်ဆိုတာတွေ ဆုံးဖြတ်ဖို့ရှိမယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရန် အတွက် NBF က ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်ကတည်းက အကြောင်း ကြားလာခဲ့ခြင်းဖြစ်ကြောင်း UNA တာဝန်ရှိသူများထံမှ သိရသည်။
ပြီးခဲ့သည် ၂ဝ၁၆ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သည့် NBF ၏ ၂၆ ကြိမ်မြောက် အစည်းအဝေး ထုတ်ပြန်ချက်တွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများ ညီလာခံ ကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မည်ဟူသော အချက် တစ်ချက် ပါဝင်ခဲ့ပြီး ယင်းအချက်အရ UNA နှင့် ကနဦး တွေ့ဆုံ ဆွေးနွေးလိုခြင်း ဖြစ်ကြောင်း NBF တာဝန်ရှိသူများထံမှ သိရသည်။
”ဒါက တိုင်းရင်းသား ပါတီ ၅၅ ပါတီရဲ့ အရေးကိစ္စ ဖြစ်တယ်။ တိုင်းရင်းသား အားလုံးရဲ့အရေးကို ဆောင်ရွက်မယ်။ ဆောင်ရွက်ချင်တယ်။ ကျွန်တော်တို့ကတော့ ၂၁ ရာစုပင်လုံ မတိုင်ခင် ကြိုပြီးတော့ လုပ်ချင်တာကို။ အဆင်ပြေမယ် ထင်ပါတယ်။ အခုက ၂၁ ရာစုပင်လုံမှာ တစ်ပါတီချင်းစီရဲ့ သဘောထားတွေ မတင်ဘဲနဲ့ ၅၅ ပါတီရဲ့ ဘုံသဘောထားကို တင်ပြချင်တာပါ။ တိုင်းရင်းသား ပါတီ အားလုံရဲ့ သဘောထားက ဒီလိုပါ ဆိုတာကို ပြောချင်တာပါ။ ဒါကြောင့် ကြိုးစားနေတာပါ”ဟု NBF အဖွဲ့ဝင် ဖက်ဒရယ် ပြည်ထောင်စု ပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောဆိုသည်။
ယင်းသို့ တိုင်းရင်းသား နိုင်ငံရေး ပါတီများ အားလုံး ပါဝင်သည့် ညီလာခံ တစ်ရပ် ကျင်းပနိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသာ လူမျိုးများ မဟာမိတ် (UNA) နှင့် ကနဦး တွေ့ဆုံ ဆွေးနွေးရန်  ညီနောင် တိုင်းရင်းသားများ ဖက်ဒရေရှင်း (NBF) က ပြုလုပ်နေခြင်းအပေါ် တစ်စုံတစ်ရာ ကန့်ကွက်သွားမည် မဟုတ်ကြောင်း ရခိုင် အမျိုးသားပါတီ (ANP) က အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံကို လာမည့် သြဂုတ်လ နောက်ဆုံးပတ်အတွင်း ကျင်းပသွားမည်ဖြစ်ရာ လက်ရှိတွင် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)တွင် အဖွဲ့ဝင် တိုင်းရင်းသား ပါတီ ၂၂  ပါတီဖြင့် ဖွဲ့စည်းထားပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) ကို တိုင်းရင်းသား ပါတီ ၁၂  ပါတီဖြင့် ဖွဲ့စည်းထားသည်။